Sunday, June 1, 2014

ခေတ်စားနေသော ဖသ်ဝါမေးမြန်းခြင်း





ဖသ်ဝါ
ဒီစကားလုံးက ယနေ့ ခေတ်ကျနော်တို့ နှင့် သိပ် မစိမ်းသော စကားရပ် တခုဖြစ်ပေလိမ့်မည်။ ဖသ်ဝါမေးခြင်းကို ဖက်ရှင် တခု အနေနှင့်လုပ်နေကြသော ကျနော် တို့ ပိုပြီးရင်းနှီးနေပါလိမ့်မည်။ ကျနော် ၏ရေးသားချက်ကို စာဖတ်သူအနေနှင့် ကန့်ကွက်ကောင်း ကန့်ကွက်ပေမည်။ အဘယ်ကြောင့် ကျနော် ထိုကဲ့သို့ရေးပါသနည်း။ သေချာ စဉ်းစားချင့်ချိန်ကြည့်ကြပါစို့ ။

ကျနော် တို့ ဖသ်ဝါတော့ မေးလိုက်ကြပါသည်။ ဧကန်စင်စစ်လိုက်နာကျင့်သုံးသောသူမည်မျှရှိပါသနည်း။ မွတ်စ်လင်မ်များပုံစံ အမျိုးမျိုးဖြင့် ဖသ်ဝါမေးကြပါသည်။ သို့သော် ပြဌာန်း ချက် အတိုင်း အဘယ်မျှလိုက်နာ ကျင့်သုံးကြပါသနည်း။ အဘယ်ကဲ့သို့သော် နိယသ် ဖြင့်မေးကြပါသနည်း။ မိမိကို တပါးသူက ဘာသာရေးလေးစားသူဟုထင်စေချင်သောကြောင့် လား??? အသိပညာတခု ထပ်တိုး သိရတော့ကောင်းသည်ဆိုသော ရည်ရွယ် ချက်နှင့်လား???

ကျနော် မေးလိုက်သော မေးခွန်း အနည်းငယ် များသွားသည် ထင်သည်။ ကျနော် တို့မိမိတို့ ကိုယ် ကို နိယသ်ကို ဦးစွာဆန်းစစ်သင့်ပေသည်။ ကျနော် တို့ တွင် ဖြစ်နေသော အကြောင်းအချက်များကို အနည်းငယ် တင်ပြလိုပါသည်။တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ။

၁။ မည်သူ့ကို ဖသ်ဝါမေးမည်လဲ ???? ကျနော် တို့ တွေ့သမျှ လူကို ဖသ်ဝါမေး၍မရပေ။ ရှရီအသ် အပေါ်မှာ အာဏာရှင် မရှိသလို အာလင်မ်သာသနာ့ပညာရှင်လညိးအလျဉ်း မရှိပေ။ မည်သူမျှ မိမိသဘောနှင့် အဖြေပေး၍မရ။ ကျနော် တွေ့ဖူးသော အာလင်မ်ပညာရှင်တော်တော် များများ သည်ဖသ်ဝါတခု ကို မိမိတို့နှုတ်ပါးစပ်ကနေ ဘယ် သောအခါမှ အလွယ် တကူ မပြောခဲ့ပေ။ ဤသည် အလွန်လေးလံသော ပညာရပ်ဖြစ်ပေသည်။ ဖသ်ဝါသော်လည်ကောင်း မဆာအိလ် သော်လည်ကောင်းမေးမည်ဆိုလျှင် စစ်မှန်သော အာလင်မ်သာသနာ့ပညာရှင် ကို ရှာသင့်ပေသည်။ သူကိုယ် တိုင်ရှရီအသ်အပေါ် မှာ ကျင့်သုံးခြင်းရှိ/မရှိ ကို လေ့လာသင့်သည်။ သာသနာ့နှင့် ပတ်သက်ပြီး စိတ်ချရသော စစ်မှန်သော အာလင်မ်ပညာရှင်ကို မေးမြန်းရပေမည်။်။

၂။ မိမိ စိတ်ချရသော အာလင်မ်ပညာရှင် တဦးတည်းကို သာမေးမြန်းပါ။ ပညာစမ်းချင်သောကြောင့်ဖြစ်စေ မည်သို့ဖြစ်စေ။ ဟိုဆရာကတော့ ဒါကို ဒီလိုဖြေတယ် ။ ဒီဆရာကတော့ ဒီလိုဖြေတယ် ဆိုသော အကျိုး မရှိသော အကြောင်းအချက် များဖြစ်ပေါ်လာပေလိမ့်မည်။ ဤသည်လည်း ဖိသ်နာတမျိုး ပင်ဖြစ်သည်။

၃ ။ နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်ပါ။ ပိုင်သည် မပိုင်သည် သိရပြီးနောက်ကျနော် တို့ ထိုကဲ့သို့လိုက်နာကျင့်သုံးခဲ့ပါသလား???? မေးလိုက်သည် နှင့် တာဝန်ကျေသွားသည် မဟုတ် ။ မိမိသိလိုက်ရသည်ကို အမလ်ပြုလုပ်ဖို့ အလွန် အရေးကြီးပေသည်။ အပျော်တမ်း မေးခွန်းမေးနေခြင်း မဟုတ်။ ဖသ်ဝါ မေးပြီးနောက် ရှရီအသ်၏ အမိန့် အတိုင်း လိုက်နာကျင့်သုံးရန် လွန်စွာ အရေးကြီးပါသည်။
သူများနှင့် ပညာပြိုင် လိုစိတ်ကိုဖျောက်ပြီး ဖသ်ဝါအတိုင်း လိုက်နာကျင့်သုံးနိုင်စေရန် ကြိုးပမ်းရမည်။

၎။ ယနေ့ မွတ်စ် လင်မ်များသည် လမ်းသွားရင် ဆရာ တပါး တွေ့ လိုက်ပါက ( ဟာ ဆရာ တွေ့တာနဲ့ အတော်ဘဲ ကျနော် ဖသ်ဝါမေးခြင်လို့ပါတဲ့ ) ကောင်းပါရောလား???? လောကီ ရဲ့ဥပဒေတခုခုကို သိချင်ပါက လမ်းမှာ ရှေ့နေတွေ့လို့  ခဏလေးပါ ဆိုပြီး မေးသည့်သူ ရှိမည် မထင်ပါ။ ရှိခဲ့လျှင်လည်း လမ်းမှာကြုံလို့ မေးလိုက်သည်ကို အဘယ် ရှေ့နေမျှ ကောင်းမွန်စွာဖြေမည်မထင်ပေ။ကျနော် တို့အာလင်မ်များကို မေးလိုက်လို့ ( အဘိုင် ကျနော်အခု ကိစ္စလေးရှိလို့ အိမ် သို့မဟုတ် ဗလီမှာ လာတွေ့လိုက်ပါ) လို့ ပြောလိုက်ရင် ကျနော် တို့ ဘာလုပ်ကြပါသလဲ ??? (ဟာ ဒီဆရာကွာ ဒါလေး မေးတာကို ကြီးကျယ်နေတယ် ။ ငါက အားတာ မဟုတ်ဘူး ခုဖြေလိုက်လဲ ရတာဘဲ )
အင်န်နာလိလ်လာ ကျနော် တို့ သာသနာအပေါ်ထားတဲ့ သဘောထား အာဒါးဗ် အစ္စလာမ့်ရှရီအသ်ရဲ့ကြီးကျယ် မှုက ဤမျှလောက်ဘဲ ရှိသည်။

၅။ မေးပါ ။ ဖသ်ဝါမေးမြန်းသင်ယူပါ။ သာသနာ့ပညာရှင်များ သည် အွမ်မသ် အတွက် ကြိုးပမ်းဖို့ အိလ်မ် ပညာသင်ကြားထားသူများဖြစ်ပေသည်။ သို့သော် အာလင်မ်များနှင့်ရှရီအသ်ဥပဒေများကို လေးစားကြပါ။ ကျနော် တို့သည် မေးလိုက်ရုံနှင့် အလွယ် တကူ သိလိုက်ရသော အိလိမ် ကို ပြောပြနိုင်ဖို့ သာသနာ့ပညာရှင်များသည် ဝူဇူလုပ်လို့ရတဲ့ပဲဟင်းကို ခဲပါလည်း ဝါးက အပင်ပန်း အဆင်းရဲ ခံပြီးနှစ်ပေါင်းများစွာ ထို အိလ်မ်ကို သင်ယူခဲ့ကြသည်ကို မမေ့ပါနှင့်။

၆ ။ နောက် အလွန်ဆိုးရွာသည့် သတိပြုစရာ မှာ အလုပ်တခုခုလုပ်ပြီး မှ။ ဆရာ -ကျနော် ကတော့ ဒီလိုလုပ်လိုက်တယ် ပိုင်လား???? ဆိုတာမျိုး---လုပ်ချင်ရာ လုပ်ပြီး မှ ပိုင်မပိုင် မေးဖို့ သတိရပါတော့သည်။ သာသနာကို တကယ်လေးစားသူသည် မလုပ်ခင် အရင် မေးသင့်သည်။ လုပ်ပြီး မှ မပိုင်ဘူးဆိုရင် ပျက်စီးရမည်မှာ ကျနော် တို့ ကိုယ် တိုင်ပင်ဖြစ်သည်။ သတိတရားချပ်ကာ လုပ်သင့်သည်ကို အရင် လုပ်ထိုက်ပေသည်။

၇ ။ ယခု ခေတ်စားနေသော အွန်လိုင်းဖသ်ဝါမေးခြင်းဖြစ်သည်။ ကျနော် တို့ စိတ်ထဲ တွင် ဖသ်ဝါကို အလွယ် လေးထင်နေကြသည်။ အွန်လိုင်းဓမ္မသတ်ဆိုတိုင်းမေးချင်ရာ မေးကြတော့သည်။ ထို အွန်လိုင်း မှ ဖြေကြားသူသည် မည်သူလဲ ???? မည့်သည့်ကျောင်းကလဲ ???? တိကျသေချာသော စိတ်ချရသော အရာ ကို သိပြီလား??? အိန္ဒိယက website ဖြစ်လို့ Saudi က website ဖြစ်တာနဲ့တင်မေး၍မရ။ ကျနော် လေ့လာရသလောက်ပြောရလျှင် အိန္ဒိယမှာ ပင်လျှင် စလဖီကျောင်းတော်တော် များများရှိနေသလို ။ စလဖီတော်တော် များများကပင်လျှင် website တင်ထားကြပါသည်။ ကျနော် အားလုံး ကို မဆိုလိုပါ။

၈ ။မေးသူမှာ အမျိုးသမီး ဖြစ်လျှင် မိမိ ခင်ပွန်း သော် လည်ကောင်း အဖေ အစ်ကို မောင်သော် လည်ကောင်းတစ်ဆင့်ခံပြီး စိတ်ချရသော အာလင်မ်တပါးပါးကို မေးမြန်းခိုင်းသင့်ပေသည်။

၉ ။ ဖသ်ဝါ အဖြေကို စောတကမတက်ပါနှင့်။ ယခုခေတ် ခေတ် ပညာတတ်တော်တော် များများ ဖသ်ဝါ အပေါ် စောတကတတ်ကြသည်။ ခေတ်ပညာတတ်ဦးနှောက်နှင့် ရှရီအသ်ကို ဝေဖန်ချင်ကြသည်။ အလ္လာဟ် အရှင်မြတ်၏ ကြီးကျယ် သော အိလ်မ် အပေါ် ဦးနှောက်နှင့် ဝေဖန်စဉ်းစားနေသူသည် ခေတ်ပညာဘယ်လောက်တတ်တတ် ကျနော် ကတော့ အရူးတယောက် သနားစရာ လူတယောက် ဟုသာမြင်ပါသည်။ သာသနာကို ဒီလို မိန့်ထားတယ် ဆိုလျှင် ဒါကို ကျင့်သုံးလိုက်ပါ။ (ဟိုလိုရော မရဘူးလား။ ဟိုလူတွေကတော့ဒီလိုလုပ်ကြသည်။ ဒီနေရာ မှာ ဟိုလိုဆိုရင်ရော မပိုင်ဘူးလား။ ဒါကဘာလို့ ဒီလိုဖြစ်တာလဲ ) ။ ကျနော် တပ်အပ်သေချာပြောရဲပါသည်။ ထိုကဲ့သို့ စောတကတက်ကာ မေးခွန်းပေါင်း မြောက်မြားစွာမေးနေသူသည် ဖသ်ဝါအတိုင်း ကျင့်သုံးလိမ်မည် မဟုတ်။ သူ့ အတွေးနှင့်သူ သာအလုပ်ရှုပ်နေပေလိမ့်မည်။ တကယ် လိုက်နာ ကျင့်သုံးချင်သူအဖို့ အမိန့်တခုသာလျှင် လုံလောက်ပေသည်။ စောတကတတ်သူမှာ မကျင့်သုံးချင်သောကြောင့် ဖြစ်ပေသည်။

၁၀ ။ နောက်ဆုံး အချက် ရေးသားချင်သည်မှာ အထောက် အထားတောင်းသော အလေ့အထ ဖြစ်သည်။ စစ်မှန်သော အာလင်မ်တယောက် ဆီက ဖသ်ဝါဖြစ်စေ မအိလ် ဖြစ်စေ မေးမြန်းပါက ထို အာဝါန်အား အထောက်အထားဖြင့်ပြစရာ မလိုအပ်ပါ။ ရှရီအသ်မှာ ရှိသည်ကို ပြောပြလိုက်ရုံ ဘဲ ဖြစ်သည်။ သို့သော် ကျနော် တို့ တတ်ယောင်ကားတွေက အထောက်အထား လိုချင်ကြသည်။ အကိုး အကားကြည့်ချင်ကြသည်။ အကယ်၍ အကိုး အကားရလျှင်လည်း ကျနော် တို့ သိကြသည် မဟုတ်။ ထိုစာပေ ဟဒီးစ် ကုရ်အာန် အဓိပ္ပာယ်ကို ဖတ်ဖူးကြသည်လည်း မဟုတ်။ ဖတ်ကြည့်မည်လည်း မထင်။ သို့သော် အထောက် အထားကို အသည်းအသန်လိုချင်နေကြသည်။
အစကတည်းက မိမိ စိတ်ချရသောစစ်မှန်သော အာလင်မ်ကို ရွေးချယ် မေးထားပြီ ဆိုပါက အထောက်အထား မလိုအပ်တော့ပြီ။ ဇွတ်အတင်း အထောက်အထားတောင်းကာ အာလင်မ်ပညာရှင် များအား စိတ်အနှောင့် အယှက်မပေးသင့်ပေ။ ကျနော် ရေးသည့် အချက်တွင် အလွန်အရေးကြီးသော ဖသ်ဝါ အကြောင်းအရာ ကို မဆိုလိုပါ။ (ဥပမာ အိမ်ထောင်ရေး ဖသ်ဝါများ ဆိုလျှင် ကျနော် တို့ မတောင်းသည့်တိုင်အောင် အာလင်မ်များက အထောက်အထားနှင့်တကွပေးသည်သာဖြစ်သည်)

ဖသ်ဝါမေးကြပါ။ သေချာမေးကြပါ။ ရှရီအသ်ရဲ့ အဖြေအတိုင်း လိုက်နာကျင့်သုံးဖို့ မမေ့ပါနှင့်။

မှတ်ချက် ။ ။ ကျနော် သည် မသိနားမလည်သူ တယောက် သာဖြစ်သည့်အတွက် အမှား အယွင်း ရှိပါက ထောက်ပြသင်ကြားပေးရန် မေတ္တာရပ်ခံ ပါသည်။

No comments:

Post a Comment