အလ်မွဖ်သီ စာစဉ်(၁) ပါ မွတ်ဖ်သီသွိုင်ယစ်ဗ် (ရှမ်စီ) ရဲ့မူရင်းရေးသားချက်ကို နှစ်သက်သဖြင့် မျှဝေပါသည်။
"ဆရာ...ကိုချစ်ပုသားလေးဆုံးသွားတယ်"
"အင်န်နာလိလ်လာ ဘယ်အချိန်ကများလဲ"
"ခုမနက်ဘဲ ဇိုဟိုရ် အပြီး ရေဝေးမှာ မြှုပ်မယ်တဲ့ ဆရာ့ကို ကျွန်တော်လာခေါ်တာ"
ကိုခင်မောင်တင့်စကားကြောင့် ခဏထူပူသွားသည်။နောက်မှ သြော်လူဆိုတာ အရွယ်မေ၇ွးသေမျိုးကြီးဘဲလေ သူရှေ့ ငါနောက်ဘဲ ဟုကိုယ့်စိတ်ကိုယ်ပြန်ထိန်းကာ.....
"ကိုခင်မောင်တင့်ရေ ကျွန်တော်ပါတခါတည်းလိုက်မည်" ဟုဆိုလျက် ဖတ်လက်စစာအုပ်ပိတ်ကာ ၀ူဇူရေသန့်စင်ပြီး ရေဝေးသို့သွားခဲ့သည်။ ကဗရ်စတာန်ရောက်သောအခါ ရပ်ကွက်ဆရာနှင့် လူအနည်းငယ်တို့က ဂျနာဇာ နမားဇ်ရပ်ကြသည်။ ဂျနာဇာတွင်ေ၇ှ့ဆောင်ဆရာက သက်ဗီး၇်ကို လျင်မြန်စွာရွတ်ဆိုသဖြင့် ကျွန်တော် ဒိုအာများပင်ပြီးအောင်မဖတ်နိုင်ခဲ့။ စလာမ်လှည့်ပြီး ဂျနာဇာနမားဇ်တွင်ပါဝင်သူများကို ရေကြည့်ရာ ကျွန်တော် အပါအ၀င် စုစုပေါင်းလူ ၁၅ယောက်သာရှိသည်။ မိသားစု ဆွေမျိုးများပါဝင်သောကြောင့် ထိုမျှများပြားသည်ဟုဆိုရမည်။
လွန်ခဲ့သည့် တစ်လခန့်က Company သူဌေးကြီး ဦးဒေါ်လာ၏သားချင်းတဦး ဂျနာဇာပို့ရန်ရောက်ခဲ့သေးသည်။
ထို အချိန်က ဂျနာဇာပို့သူများလှသဖြင့် မေ၇နိုင်ခဲ့ပါ။တမြို့လုံးရှိလူအကုန်ရေဝေးရောက်နေလားဟုထင်မိသည်။
စလာမ်လှည့်ပြီး ထမ်းစင်ကို ရိုးရိုးဘက်ဦးတည်ထမ်းသွားသည်။ကျွန်တော် ဖိနပ်ဝတ်တာ့မည့်ဆဲဆဲနောက်မိုင်ယသ်တခုရောက်လာသည်။ ကားတွေလည်းအများကြီး။ လာတဲ့သူတွေက လူကုံထံတွေဟုခန့်မှန်း၇သည်။လူတွေလဲများလှသည်။ ဂျနာဇာဖတ်ပေးသည့်ဆရာကသက်ဗီးရ်ကိုစတိုင်လ်ကျကျ ဟန်ပါပါရွတ်ဆိုသည်။ ထို့နောက် ဂျနာဇာကို ရှယ်ဖက်သို့ ကျိတ်ကျိတ်တိုး အလုအယက် ထမ်းသွားကြသည်။ ကျွန်တော် ယာစီးန်ဖတ်ရင်း လျှောက်လာသည်။ အချို့က နှစ်ယောက်တစု သုံးယောက်တစု ၊ငါးယောက်တစု၊ လက်ကိုင်ဖုန်းနဲ့ ဈေးနှုန်းအတက်အကျ လမ်းထောက်သူကထောက် ၊ ဈေးအရောင်းအ၀ယ်ပြုသူကပြု။ ဘာသာရေးအဖွဲ့ အစည်းတွေကို အစာမကြေ ဝေဖန်သူကဝေဖန်၊ ရာသီဥတုအကြောင်းပြောသူကပြော ၊ကဗရ်တွေ ရှာရင်း သူနဲ့ဆွေမျိုးတော်ကြောင်းကောင်းကြောင်းပြောသူကပြော။ ငယ်ကျိုးငယ်နာဖော်သူကဖော် ၊စသည်ဖြင့် စကားဖောင်ဖွဲ့ကာ ဇေယာရသ် ပြုရန်ပင်မေ့လျော့သည်အထိလောကီရေးကအနိုင်ယူလွှမ်းမိုးလျက်ရှိသည်။
ကိုချစ်ပုသားလေးမြှုပ်မည့်ရိုးရိုးကဗရ်ကျင်းတွင် ရေရှိသဖြင့် သဲလောင်းထည့်နေကြစဉ် ကေယာမသ် ၊ ဟရှရ် ဂျန်နသ် တို့နှင့် စပ်လျဉ်းပြီး အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်(စွ) မိန့်ကြားတော်မူသော စကားရပ်များက ကျွန်တော့်စိတ်ကို လွှမ်းမိုးသွားသည်။ကဗရ်တံခါးပေါက်မှ အာခေရသ်မြို့သို့ ၀င်ရောက်မည့်အကြောင်းစဉ်းစားမိ၏။ စင်စစ်ကဗရ်သည်ဘ၀ချုပ်ငြိမ်းသူတို့၏ရုပ်ကလပ်သိမ်းဆည်းရာနေရာ သက်သက်မဟုတ်။ အဆုံးမရှိသော မတလွန်သို့ သွားရာတံခါးဖြစ်သည်။ မည်မျှပင် ကြွယ်ဝချမ်းသာစေကာမူ ရှိသမျှထားရစ်ခဲ့ရပြီး လက်ဗလာပိတ်ဖြူပတ်ပြီး နှင်ရမည့်ခရီးဖြစ်သည်။ အဖော်မပါ ဓနမရှိ တကိုယ်တည်းလျှောက်လှမ်းရမည့်မှောင်မိုက်လွန်းသော လိုဏ်ခေါင်းထဲမှ ကျွန်တော် မည်သို့ဖြတ်သန်း၇မည်ကိုတွေးရင်း မျက်ရည်များပင် ပါးပြင်ပေါ်သို့ တလိမ့်လိမ့် စီကျလာသည်။
လူတိုင်းကဗရ်တံခါးမှ တမလွန်ခရီးနှင်ကြရမည်ဖြစ်သည်။ သို့သော်ထိုတံခါးသို့ရောက်ရှိပြီးမိမိလည်း သွားရောက်ရမည့်ခရီးကို မသက်ဆိုင်သူများကဲ့သို့ နေသူများအတွက် ကျွန်တော် အံ့သြမိသည်။ ကျွန်တော့် အာရုံတွင်
'မနက်ဖြန်ငါလဲ ဒီလမ်းကနေ တမလွန်ကို ခရီးနှင်အုံးမယ် ၊ငါသွားရမှာလည်းဒီခရီးဘဲ "ဟုတွေးရင်း လှည့်ပြန်နေကြသည့် လူအုပ်ကြီးကိုပင်သတိမပြုမိ ၊ ဒရိုင်ဘာက ဆရာမပြန်သေးဘူးလားဟု လက်တို့မေးတော့မှ သတိဝင်လာသည်။
ထို့နောက်ကျွန်တော်သည် ဒရိုင်ဘာ၏လက်ကိုကိုင်ပြီး လျှောက်လှမ်းနေသော်လည်း ဘယ်သို့လှမ်းနေသည်ကိုပင် အာရုံမရှိတော့။ ။
No comments:
Post a Comment