Thursday, May 29, 2014

(အမျိုးသားများခြေမျက်စိအောက်အထိ ဝတ်ဆင်ခြင်း)

ယနေ့မျက်မှောက်ခေတ်မွတ်စ်လင်မ်များတွင် အနောက်တိုင်း ယဉ်ကျေးမှု များလွှမ်းမိုးနေကြပေသည်။ အစ္စလာမ့်ရှရီအသ်၏ နှစ်သက်ဖွယ်ကောင်းသော အလေ့အထများ၊ ယဉ်ကျေးမှုများပျောက်ဆုံးနေကြသည်
ယခုကျွန်တော် ရေးသားလိုသည့်အကြောင်းမှာ အမျိုးသားများ ခြေမျက်စိအောက်ထိ ဘောင်းဘီလုံချည် ၀တ်ဆင်ခြင်းပင်ဖြစ်သည်။ထိုကဲ့သို့လုပ်ရပ်မှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်ရော မိသားစုဝင်များထဲရှိ အမျိုးသားများ သည်ပင်လျှင် သတိမမူဘဲ ၀တ်ဆင်နေကြသည်။ အမျိုးသားများခြေမျက်စိအောက်ထိ အ၀တ်အစားဝတ်ဆင်ခြင်း(အစ္စဘာလ်) ကို လူအများစူတို့က အလေးမထားပေါ့လျော့နေကြသော်လည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင် ကြီးလေးသော အပြစ်တခုဖြစ်ပေသည်။ တမန်တော်မြတ်(စွ)သည် ဘောင်းဘီရှည်ဝတ်ဆင်ခဲ့ခြင်းမရှိပေ။ လုံကွင်းဝတ်ဆင်သောအခါတွင်လည်းခြေမျက်စိဖော်ကာဝတ်ဆင်လေ့ရှိသည်။ကျွန်တော် အောက်တွင် ဟဒီးစ်အချို့ကို တင်ပြပါမည်။
တမန်တော်မြတ်(စွ) မိန့်ကြားတော်မူခဲ့ပေသည်။
အကြင်သူသည်ကြွားဝါဂုဏ်မောက်လိုသောစိတ်ဖြင့်ခြေမျက်စိအောက်ထိ အ၀တ်အစားတရွတ်စွဲဝတ်ဆင်လေသော်ကေယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည်ထိုသူအား ကရုဏာတော် အရှုဖြင့် ကြည့်ရှုတော်မူမည်မဟုတ်ပေ။ (ဗုခါရီကျမ်း ၃၄၆၅)
အ၀တ်အထည်ကို ခြေမျက်စိအောက်ရောက်အောင် ၀တ်ဆင်သောသူ၏ခြေအားဂျဟန္နမ်ငရဲမီးအတွင်းကျစေတော်မူ၏။(အဟ်မဒ်ကျမ်း ၆/၂၅၄)
ခြေမျက်စိအောက်အ၀တ်အစားဝတ်ဆင်ခြင်းတွင် ခါးဝတ်(လုံချည်၊ ပုဆိုး ၊ဘောင်းဘီ)နှင့် ကိုယ်အပေါ်ပိုင်းဝတ်အီင်္ကျီ စသည်တို့လည်းပါဝင်ပေသည်။အကြင်မည်သူမဆို ကြွားဝါဂုဏ်မောက်လိုသောစိတ်ဖြင့်ခြေမျက်စိအောက်ထိ အ၀တ်အစားတရွတ်စွဲဝတ်ဆင်လေသော်ကေယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည်ထိုသူအား ကရုဏာတော် အရှုဖြင့် ကြည့်ရှုတော်မူမည်မဟုတ်ပေ။( အဗူဒါဝူးဒ်ကျမ်း ၄/၃၅၃)
များစွာသောသူတို့သည် မလိုက်နာချင်သောကြောင့် စောတကအမျိုးမျိုးတက်ကြသည်။ (မိမိတို့ခြေမျက်စိအောက်ထိဝတ်ဆင်ခြင်းမှာ ကြွားဝါဂုဏ်မောက်လိုသောစိတ်ဖြင့် ၀တ်ခြင်းမဟုတ်ပါ ) ဟုကာကွယ်တတ်ကြသည်။ တရားတော်၏ အမိန့်မှာ ကြွားဝါလိုစိတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အားလုံးအကျုံးဝင်ပေသည်။ အချို့လမ်းလွဲနေသူများသည် ထိုအမိန့်မှာ နမားဇ် ဖတ်ရန်အတွက်သာအကျုံးဝင်ပေသည်ဟု ပြောကြပြန်သည်။ထိုသို့ပြောဆိုခြင်းများမှာ ရှရီအသ်ကို လက်တလုံးခြားလှည့်လိုသောသူများ၏ဆင်ခြေသက်သက်မျှသာဖြစ်သည်။ တမန်တော်မြတ်(စွ) ထိုကဲ့သို့ပြင်းပြင်းထန်ထန်မိန့်ကြားထားသည်ကို ပေါ့ပေါ့တန်တန် သဘောထားနေသော ကျွန်တော်တို့ရဲ့ လုပ်ရပ်မှာ အဘယ်မျှလောက်မှားရွင်းနေပါသနည်း။ တကယ်လိုက်နာကျင့်သုံးလိုသူအဖို့ ဟဒီးစ်တော် တပုဒ်ဖြင့်ပင်လုံလောက်ပေသည်။
အမျိုးသားများ ခြေမျက်စိအောက်ဘောင်းဘီလုံချည်ဝတ်ဆင်ခြင်းမှာ ယခုခေတ်တွင်ဖက်ရှင်သဘောမျိုးဖြစ်နေပေသည်။
အမျိုးသားများ ဘောင်းဘီအရှည် ခြေမျက်စိဖုံးအောင် ၀တ်ဆင်ကာ အမျိုးသမီးများမှာ ခြေမျက်စိဖော်ပြီး အရှက်ကင်းမဲ့စွာဝတ်ဆင်နေကြသည်။ အဘယ်မျှဝမ်းနည်းဖွယ်ကောင်းလေစွ။ ပြောင်းပြန်အနေအထားသို့ရောက်ရှိနေသည်ကို လူတိုင်းမျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပေသည်။
ကျွန်တော် ဖတ်ဖူးသောအကြောင်းအရာတခုရေးသားချင်ပါသည်။
Scientist များ၏လေ့လာတွေ့ရှိချက်မှာ ခြေမျက်စိအောက်ကိုဖုံးကာ ၀တ်ဆင်သောအမျိုးသားများသည် ခြေမျက်စိဖော်ကာဝတ်ဆင်သော အမျိုးသားများထက် အမျိုးသားအင်အားဟော်မုန်းကျဆင်းနေသည်ဟုလေ့လာတွေ့ရှိကြသည်။ ခြေမျက်စိဖော်ကာဝတ်ဆင်ခြင်းဖြင့် ဟော်မုန်းကို အားဖြစ်စေသည်။ ဟု စမ်းသပ်တွေ့ရှိကြသည်။ (အလ္လာဟ်ဟုအက္က်ဗ၇)် ရှရီအသ်ရဲ့ လမ်းစဉ်နှင့် တမန်တော်မြတ်(စွ) ၏ စွန္နသ်တော်မှာ ဟိက်မသ်များနှင့် ပြည့်နှက်နေပေသည်။ယခုမှ Science က ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။Scientist တွေ Doctor တွေထောက်ခံမှ လက်ခံအထင်ကြီးနေတတ်သောကျွန်တော်တို့ ရဲ့ အီမာန်ကို သာဆန်းစစ်ရမည်ဖြစ်သည်။ယနေ့ကျွန်တော်တို့၏အခြေအနေအရပ်ရပ်အပေါ် အလ္လာဟ်အရှင်မြတ်နှင့်တမန်တော်မြတ်(စွ) ၏အမျက်ဒေါသအဘယ်မျှကြီးမားနိုင်သည်ကို စဉ်းစားသင့်လှပေသည်။
သို့သော်ကျွန်တော်တို့က အနောက်တိုင်းသားတို့ယဉ်ကျေးမှုကို သရုပ်မှန်ဟုယူဆပြီး အမျိုးသားများ ခြေမျက်စိအောက်ထိဝတ်ဆင်ခြင်းကို ဂိုနာဟ်ဟုမမှတ်ယူဘဲ ဂုဏ်ယူဖွယ်ရာအဖြစ်သတ်မှတ်ကာဝတ်ဆင်နေကြပေသည်။
အိုအလ္လာဟ်...မွတ်စ်လင်မ်အမျိုးသားများအားလုံးအား အရှင်မြတ်၏အချစ်တော် တမန်တော်မြတ်(စွ)၏ စွန္နသ်တော်ကို ဖ၀ါးခြေထပ်လိုက်နာနိုင်သော သောင်ဖီးက်စွမ်းအားချီးမြှင့်ပေးသနားတော်မူပါစေ...အာမီးန်
ကောင်စရ် ဘာဒ်ရှာဟ်

No comments:

Post a Comment